
မှော်ဘီ ဆရာသိန်းကြီး နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပ
By Yatanarpon ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်မှာ ရှိတဲ့ စာပေနှင့် စာနယ်ဇင်း အသင်းက ဦးဆောင်ပြီး မှော်ဘီ ဆရာသိန်းကြီးရဲ့ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် စာတန်းဖတ်ပွဲနဲ့ စာပေဟောပြောပွဲကို ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီက မှော်ဘီမြို့ မြို့မ အားကစားကွင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ မှော်ဘီမြို့နယ် စာပေနှင့်စာနယ်ဇင်း ဥက္ကဌ (စာရေးဆရာ မောင်ချိုဝေ) က ဦးစွာပထမ နှုတ်ခွန်းစကား ပြောကြားခဲ့ပါတယ်၊ ဒီကနေ့ စာပေယဉ်ကျေးမှုဟာ ကျွန်တော်တို့ မြန်မာလူမျိုးတို့ရဲ့ မြတ်မြတ်နိုးနိုး တန်ဖိုးထားစရာတစ်ခု ဖြစ်သလို စာပေမြင့်မှ ယဉ်ကျေးမှုမြင့်မှာ ဖြစ်ပြီး၊ ယဉ်ကျေးမြှုမင့်မှ လူမျိုးဂုဏ် တင့်ကြရမှာ ဖြစ်ကြောင်း ဒီနေ့ခေတ် လူငယ်လူရွယ်တို့ဟာ ကမ္ဘာမှာရှိတဲ့ လူငယ်များနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဆိုရာမှာ စာပေ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ပါမှ ဖြစ်တည်လာမှာ ဖြစ်ကြောင်း၊ လူငယ်လူရွယ်တို့ စာဖတ်ရှိန် မြင့်မားလာအောင်လည်းဘဲ နိုင်ငံတော် အစိုးရအနေနဲ့ စာကြည့်တိုက် ဖောင်ဒေးရှင်းများ တည်ထောင်ပြီး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ဆောင်ရွက် လုပ်ကိုင်ပေးလျက် ရှိတာဟာ သိသာထင်ရှားကြောင်း၊ ဒါကြောင့်မို့လို့ ဒီကနေ့ လူငယ်တို့ စိတ်အစဉ်မှာ စာပေကို ချစ်မြတ်နိုးတဲ့ စိတ်များ အစဉ်ထာဝရ ကိန်းအောင်းနေရမှာ ဖြစ်ကြောင်း၊ ဒါမှသာ နောင်လာမယ့် သားစဉ်မြေးဆက် စာပေကို ချစ်မြတ်နိုးတဲ့ မျိုးဆက်သစ်များ ပေါ်ထွန်းလာမှာ ဖြစ်ကြောင်း၊ စာပေကို မြတ်နိုးမှသာ တိုင်းပြည်ရဲ့ အနာဂတ် သားကောင်းရတနာများဟာ အရည်အချင်းရော အရည်အသွေးပါ ပြည့်ဝသူများ ဖြစ်လာနိုင်ကြောင်း၊ ဒီလိုပဲ စာပေရဲ့ တန်ဖိုးဟာ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းရာ ရောက်သလို ဒီကနေ့ ဇာတိမာန်လို့ ဟစ်ကြွေးကြရာမှာ စာပေယဉ်ကျေးမှုဟာ အဓိက ကျကြောင်း၊ ဇာတိမာန် ဆိုရာမှာ လူအများ ပြောလေ့ပြောထရှိတဲ့ ဟစ်ကြွေးလေ့ရှိကြတဲ့ စကားများထဲမှာ (ဥပမာ) ငါက ရွှေဘိုသားဟေ့လို့ ဟစ်ကြွေးရာမှာ အကြောင်းမဲ့ဟစ်ကြွေးခြင်း မဟုတ်ကြောင်း၊ ဟစ်ကြွေးသူသည် သူ့ဇာတိမှာ သူဂုဏ်ပြုထိုက်သူ အထင်ကရပုဂ္ဂိုလ် တစ်ဦးရှိလို့သာလျင် ဟစ်ကြွေးကြောင်း၊ နတ်မောက်မြို့တွင်လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြု၍ နတ်မောက်သားဟေ့ဟု ဟစ်ကြွေးကြကြောင်း၊ သာယာဝတီနယ်တွင် ဆရာစံကို ဂုဏ်ပြု၍ ဟစ်ကြွေးကြကြောင်း၊ ဝန်းသိုနယ်တွင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကို ဂုဏ်ပြုကြသလို၊ ရွှေဘိုနယ်ကလည်း အလောင်းဘုရား ဦးအောင်ဇေယျကို ဂုဏ်ပြု၍ ဟစ်ကြွေးကြတာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီကနေ့ ကျင်းပတဲ့ မှော်ဘီ ဆရာသိန်းကြီးရဲ့ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲမှာ ကျွန်တော်တို့ မှော်ဘီသူ မှော်ဘီသားတွေကလည်း ဆရာသိန်းကြီးကို ဂုဏ်ပြုပြီး၊ ငါဟေ့ မှော်ဘီသားဟေ့လို့ ဟစ်ကြွေးလို့ ရပြီဖြစ်ကြောင်း၊ ဒါကို ဒီကနေ့ လူငယ်များ သိရှိကြပြီး ဆရာကြီးကဲ့သို့ ဇာတိဂုဏ်ကို မြှင့်တင်ကြစေလိုကြောင်း၊ ဇာတိမာန်ဆိုရာတွင် ဇာတိဆိုသည်မှာ မွေးဖွားရာဇာတိ ဖြစ်ကြောင်း၊ မာန်ဆိုသည်မှာ ဇာတိကို အစွဲပြုပြီး မာန်တက်ချီတဲ့ သဘောဆောင်ခြင်းကြောင့် ဇာတိမာန်ရယ်လို့ ဖြစ်လာကြောင်း တို့ကို စာရေးဆရာ မောင်ချိုဝေမှ အကျယ်တဝင့် ပြောကြားသွားပါတယ်။
ဆရာကြီး (လယ်တွင်းသား) စောချစ်
အဆိုပါ အခမ်းအနားကို မှော်ဘီမြို့နယ် အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာ အကြီးအကဲများနဲ့ ဒေသခံ စာပေချစ်သူအင်အား ခြောက်ထောင်ကျော် တက်ရောက်ချီးမြှင့် အားပေးခဲ့ကြပြီး၊ တက်ရောက်လာသူများကို စာပေပညာရှင် စာရေးဆရာကြီး၊ ဆရာမကြီးများ ဖြစ်ကြတဲ့ (ဆရာကြီး လယ်တွင်းသား စောချစ်) က ဘဝထဲကစာပေ၊ စာပေထဲကဘဝ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်) က လောကကိုအလှဆင်မယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (စာရေးဆရာ ဆရာ အကြည်တော်) က လမင်းဖမ်းပွဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဟောပြောခဲ့ကြရာမှာ တက်ရောက်လာကြတဲ့ စာပေ ချစ်မြတ်နိုးသူများက နှစ်ခြိုက်စွာ နားထောင် အားပေးခဲ့ကြပြီး၊ စာရေးဆရာကြီးများနဲ့ ဆရာမကြီးများကို တာဝန်ရှိသူ အသီးသီးတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ကာ ည ၁၂ နာရီ ၂၀ မိနစ်မှာ ပထမနေ့ စာပေဟောပြောပွဲ အစီအစဉ်ကို ရပ်နားခဲ့ပါတယ်၊ အဆိုပါ စာပေ ဟောပြောပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီမှာ အဲဒီအားကစားကွင်းတွင် စာရေးဆရာကြီး၊ ဆရာမကြီးသုံးဦးက ဆက်လက် ဟောပြောသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာမကြီး ဒေါ်သန်းမြင့်အောင်
ဆရာ အကြည်တော်
Read more...